Pages

Saturday, November 12, 2011

လူချမ်းသာ စိတ်ချမ်းသာ (၂၅)

နိဂုံး

လူကို ကောင်းကျိုးပြုနိုင်သည်မှာ အမျိုးဘာသာ သာသနာကို ထိထိရောက်ရောက်
တွင်တွင်ကျယ်ကျယ် ကောင်းကျိုးပြု နိုင်သည်မှာ လူချမ်းသာများသာ ဖြစ်သည်။
ဆင်းရဲသားက ကောင်းကျိုးမပြုနိုင်ဘူးလား မေးမူ ပြုတော့ ပြုနိုင်ပါသည်။
သို့သော် သိပ်ပြီးမထိရောက်လှပေ။ သိပ်ပြီး မတွင်ကျယ်ပေ။
လူချမ်းသာတိုင်းရော ကောင်းကျိုး ပြုနိုင်ပါသလား မေးပြန်မူ
လူချမ်းသာတိုင်းတော့ ကောင်းကျိုးပြု နိုင်သည်မဟုတ်။ စိတ်ချမ်းသာ သော
လူချမ်းသာသည်သာ ကောင်းကျိုး ပြုနိုင်သည်။ စိတ်မချမ်းသာသော လူချမ်းသာတို့က
ကောင်းကျိုး မပြုနိုင်ကြ။ သို့ရာတွင် လူတိုင်းက လူချမ်းသာ ဖြစ်ချင်ကြ၍
လူချမ်းသာဖို့က တော့အရေးကြီးသည်။

လူချမ်းသာ ဖြစ်စေနိုင်သော အကြောင်းအချက်အလက် တို့ကို စာတွေ့မျက်တွေ့
ဥာဏ်မီသလောက် တင်ပြထား ပါသည်။ လူချမ်းသာ ဖြစ်စေချင်သော စေတနာဖြင့်
ဖြစ်သည်။ လူချမ်းသာဖြစ်၍ လူနှင့် လူ့ဆိုင်ရာ အားလုံးကို ချမ်းချမ်းသာသာ
ဖြစ်အောင် ဆောင်ရွက်စေချင်၍ ဖြစ်သည်။ လူချမ်းသာ စာတမ်းပါ အကြောင်း အချက်
အလက် တို့ကို စေ့စေ့ငုငု ဖတ်ရှုမှတ်သား လိုက်နာ ကျင့်ကြံ နိုင်ကြ၍
လူချမ်းသာများ ဖြစ်ကြပါစေ။ လူချမ်းသာများ ဖြစ်ကြ ပြီးလျှင်
လူ့ပတ်ဝန်းကျင် တစ်ခွင်က ဆိုင်ရာဆိုင်ရာ တို့ကိုလည်း ချမ်းချမ်းသာသာ
ဖြစ်အောင် ဆောင်ရွက်နိုင်ကြ ပါစေလို့ ဆုတောင်းပတ္ထနာ ပြုအပ်ပါသည်။


သဗ္ဗေသတ္တာ သုခိတာ ဟောန္တု ။
သတ္တ၀ါအားလုံး ချမ်းသာ ကြပါစေ ။
မြန်မာလူငယ်များ ချမ်းသာ ကြပါစေ ။

မေတ္တာဖြင့်
ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ
၁၃၆၂-ခုနှစ်၊တပို့တွဲလဆန်း(၂)
ရက်
(၂၅-၁-၂၀၀၁)

Posted by အောင်မြေ at 12:48 PM 0 comments

Labels: လူချမ်းသာစိတ်ချမ်းသာ

Saturday, July 12, 2008
လူချမ်းသာ စိတ်ချမ်းသာ (၂၄)

ချမ်းသာလိုလျှင် မိတ်ကောင်းရှိရမည်

မိတ်ဆွေကောင်းဟူသည် ချစ်ဖို့ ခင်ဖို့ကောင်းခြင်း၊ လေးစားစရာ ဂုဏ်အင်္ဂါများ
ရှိခြင်း၊ စိတ်နေသဘောထား ပြည့်ဝခြင်း၊ ပြောစရာ ဆိုစရာရှိလျှင် ပြောတတ်
ဆိုတတ်ခြင်း၊ သည်းခံ ခွင့်လွှတ်တတ်ခြင်း၊ စကားကို လေးလေး
နက်နက်ပြောတတ်ခြင်း၊ သင့်လျော်ရာကို ညွှန်ပြတတ်ခြင်း ဟူသော
အရည်အသွေးများရှိသော ပုဂ္ဂိုလ် မျိုးဖြစ်သည်။ မိတ်ဆွေကောင်းတစ်ဦးတွင်
ရှိရမည့် အရည်အသွေးများကို စာလာ ပေလာအတိုင်း တင်ပြရခြင်း ဖြစ်ပါသည်။

အဂုင်္တ္ထိုရ်ပါဠိတော်တွင်လည်း မိတ်ဆွေကောင်းတို့၏ ဂုဏ်အင်္ဂါများကို
ဘုရားရှင်ကိုယ်တော်တိုင် မှတ်ချက်ပြု တော်မူသည်။ မိတ်ဆွေကောင်း ဟူသည်
သာမန် သူလိုကိုယ်လို ပေးဖို့ ခက်ခဲသော ပစ္စည်းဥစ္စာ သို့မဟုတ် အခွင့်အရေး၊
အခြားအရေးကြီးသော အရာတစ်ခုခုကို ပေးနိုင်သူ ဖြစ်သည်။ ကူညီဖို့၊
လုပ်ဆောင်ဖို့ ခက်ခဲသော ကိစ္စတစ်ခုခုကို ကူညီလုပ်ဆောင်နိုင်ရာသည်။
သည်းခံဖို့ခက်ခဲသော အမှားအယွင်း တစ်စုံတစ်ရာကို သည်းခံနိုင်သူ ဖြစ်ရမည်။
သူ၏လျှို့ဝှက်ချက်ကို ဖွင့်ပြောတိုင်ပင်သူ ဖြစ်ရာသည်။ မိမိ၏
လျှို့ဝှက်ချက်ကိုလည်း ကူညီလျှို့ဝှက်ပေးသူ ဖြစ်ရာသည်။ ဘေးရန်
တစ်စုံတစ်ရာ ပေါ်ပေါက်လာသောအခါ မိမိကို စွန့်ပစ်မသွားဘဲ ဖေးမ ကူညီသူ၊
အားပေးနှစ်သိမ့်သူ ဖြစ်ရာသည်။ တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးမှု ကြောင့်လည်း
မိမိကို အထင်သေး အမြင်သေး မရှိဘဲ နဂိုပုံမှန်အတိုင်း အဆက်အဆံမပျက်
အခင်အမင်မပျက် လက်တွဲနိုင်သူ ဖြစ်ရမည်။

လောကတွင် တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား တို့သည်
ရှားပါးပစ္စည်းများဖြစ်သည်။ ရတနာဟူသည် ဘုန်းကံနည်းသူ၊ သာမန်လူတို့၏
အသုံးအဆောင်မဟုတ်ချေ။ မိတ်ဆွေကောင်းသည် ရတနာကဲ့သို့ ရှားပါး ပစ္စည်း
ဖြစ်သည်။ မရှိမဟုတ် ရှိပါသည်။ ရှာလျှင် တွေ့နိုင်ပါသည်။ ကံရှိလျှင်
တွေ့ရမည်သာ ဖြစ်သည်။

လောကတွင် လူတော်လူကောင်းဟု သုံးနှုန်းကြသည်။ ဗလငါးတန်နှင့် ပြည့်စုံသူသည်
လူတော်လည်း ဟုတ်သည်၊ လူကောင်းလည်း ဟုတ်သည်။ လူတော် လူကောင်းဖြစ်ရန်အတွက်
ဗလငါးတန်နှင့် ပြည့်စုံရသည်။ ဗလငါးတန်နှင့် ပြည့်စံသော လူတော်
လူကောင်းသည်သာ မိတ်ဆွေကောင်းဖြစ်သည်။


(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.