Pages

Saturday, November 12, 2011

၁။ ပြီးစီးအောင် လုပ်ရမယ်။ ငါပြီးစီးရမယ်။ ဆုံးခန်း တိုင်အောင်
ငါလုပ်မယ်။ ဖြစ်အောင်လုပ်မယ်။

၂။ ငါဒီအထိ ရောက်ပြီးပြီ။ ဘယ်သူက ဖြစ်ဖြစ် ဘယ်အရာက ဖြစ်ဖြစ် ငါ့ကို
တားဆီးနိုင်မှာ မဟုတ်ဘူး။

၃။ အဆိုးမြင်ဝါဒဟာ သတ္တိကြောင်သူတွေ အတွက်ပဲဖြစ်တယ်။ ငါက သတ္တိရှိတယ်။

၎။ ငါဟာ အကောင်းဆုံး နဲ့ထိုက်တန်တယ်။ အကောင်းဆုံးကို ငါတောင်းဆိုမယ်။
အဲဒီထက်နည်းပြီး ငါလက်မခံဘူး။

၅။ ဒါဟာငါ့ဘ၀ပဲ။ ငါ့ဘ၀ကို ငါ ပျိုးထောင်မယ်။

၆။ ကျရှုံး ရင် ငါ့ကိုယ်ငါ ခွင့်လွှတ်မယ်။ ငါ နောက်ထပ်တစ်ကြိမ် မှာ
အောင်မြင်မယ်လို့ အမြဲ ယုံကြည်တယ်။

၇။ ဆင်ခြေစကားတွေ ရဲ့နောက်မှာ ငါ မပုန်းခိုဘူး။

၈။ ငါ အကောင်းဆုံး ကို လုပ်ပြီး အဲဒီအတွက် ဂုဏ်ယူနေမယ်။

၉။ ငါ ဆုံးဖြတ် ပြီးပြီ။ ငါ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ မပြင်နိုင်ဘူး။

၁၀။ ပန်းတိုင်ဆီ ရောက်အောင် သွားပြီးမှ ငါ့ကိုယ်ငါ ပျော်ရွှင်ခွင့် ပြုမယ်
...ပန်းတိုင်
ဆီ ရောက်အောင် သွားပြီးမှ ငါ့ကိုယ်ငါ ပျော်ရွှင်ခွင့် ပြုမယ်
...ပန်းတိုင်ဆီ ရောက်အောင် သွားပြီးမှ ငါ့ကိုယ်ငါ ပျော်ရွှင်ခွင့် ပြုမယ်
...

ယူရီဂယ်လာ ( နိုင်ငံတကာ စိတ်စွမ်းအား ပညာရှင် )
်.
ပင်မလာဂျွန်ဆင် ကောလိပ်ကျောင်း တက်စဉ်က ထင်ရှားတဲ့ မနုဿဗေဒ
ပညာရှင်တစ်ဦးနဲ့ တွဲဖက် အလုပ်လုပ်ခွင့် ရရှိခဲ့ပါတယ်။ စိတ်ဝင်စားစရာလည်း
ကောင်း၊ ပျော်စရာလည်း ကောင်းလေတော့ မနုဿဗေဒကိုပဲ အဓိက ဘာသာအဖြစ်
ယူခဲ့ပြီး ဘွဲ့ရပြီးတဲ့ နောက်မှာလည်း ဆက်လက် သုတေသန ပြုလုပ်ခဲ့ပါတယ်။
ဒီအချိန်မှာ သူမဟာ အိမ်ထောင်ရှင်မ တစ်ယောက်၊ မိခင်တစ်ယောက် ဖြစ်နေပါပြီ။
ပင်မလာဂျွန်ဆင်ဟာ သူ့ရဲ့ လေ့လာ သင်ယူမှုကိုတော့ အဆက်မပြတ်စေခဲ့ပါဘူး။
သူ့သားလေး သုံးနှစ်သား အရွယ်မှာတောင် သူ မဟာဘွဲ့လွန် သင်တန်းကို
ကြိုးစားပမ်းစား ဆက်တက်ခဲ့ပါသေးတယ်။ အခက်အခဲတွေ၊ ဘေးကျပ်နံကျပ်တွေ
ဘယ်လောက်တွေ့တွေ့ သူမကတော့ ဇွဲမလျှော့ပါဘူး။ ဒီလိုနဲ့ ပါရဂူဘွဲ့ရပြီး
တတိယ ကမ္ဘာ့နိုင်ငံတွေကို ကူညီရတဲ့ အစိုးရဌာနမှာ အရေးကြီးတဲ့ တာဝန်
တစ်ရပ်ကို သူက ထမ်းဆောင်ခွင့် ရရှိခဲ့ပါတယ်။

အခက်အခဲတွေ၊ အတားအဆီးတွေ မှန်သမျှကို ကျော်လွှား အောင်မြင်နိုင်ဖို့ အတွက်
ကျွန်တော်တို့မှာ စိတ်ဓာတ် ကြံ့ခိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ လက်တွေ့
အကောင်အထည် ဖော်ရမယ့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တိုင်း အတွက် ခွန်အားသတ္တိ
ရှိဖို့လိုပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လူတော်တော်များများဟာ ထင်တိုင်း
မပေါက်ဘဲ နောက်တွန့်စိုးရွံ့မှု၊ စိတ်အားငယ်မှုတွေကို မွေးမြူပြီးသား
ဖြစ်နေကြပါတယ်။ တကယ်တော့ စိတ်ဓာတ်ခွန်အား ဆိုတာ မွေးရာပါ မဟုတ်ပါဘူး။
ပြုစုပျိုးထောင်လို့ ရနိုင်တဲ့ အရာသာ ဖြစ်ပါတယ်။ အခြား
ကျွမ်းကျင်မှုတွေလိုပဲ လေ့ကျင့် မွေးမြူပြီး ရည်မှန်းချက် ပြီးမြောက်
အောင်မြင်ရေးအတွက် မဖြစ်မနေ လျှောက်လှမ်း ရပါလိမ့်မယ်။

အီတလီ စိတ်ပညာရှင် ရိုဘာတိုအဆာဂျီအိုလီက ခုလို ရေးဖူးပါတယ်။
“လူရဲ့အခြေခံကျတဲ့ အတွင်းအားဆိုတာ လူတွေ သတိမထားမိတဲ့ အင်အားကြီးမားတဲ့
စိတ်စွမ်းအားသာ ဖြစ်ပါတယ်” တဲ့။ “လေ့ကျင့်ထားတဲ့ စိတ်စွမ်းအားဟာ
အစွမ်းထက်တဲ့ လက်နက်ဖြစ်တယ်” လို့လည်း ဝါရှင်တန် တက္ကသိုလ်က အလန်မာလတ်က
ပြောခဲ့ဖူးပါတယ်။ စိတ်စွမ်းအား ဆိုတာဘာလဲ၊ စိတ်စွမ်းအားဆိုတာ မိမိရဲ့
စေ့ဆော်မှုနဲ့ လုပ်ရပ်ကို ထိန်းချုပ်နိုင်ခြင်းပဲလို့ အဓိပ္ပာယ်
ဖွင့်ဆိုကြပါတယ်။ လူတိုင်းမှာ ကြီးမားတဲ့ စိတ်စွမ်းအားတွေ ရှိပါတယ်။
မာလတ်နဲ့ ကျွမ်းကျင်သူများရဲ့ စိတ်ဓာတ်စွမ်းအား ကြီးမား တိုးတက်စေတဲ့
နည်းတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

အပြုစိတ်ထား မွေးမြူပါ

စိတ်စွမ်းအားဟာ ကြီးကျယ်မြင့်မြတ်တဲ့ ဘဝရည်မှန်းချက်တွေ အတွက်
အရေးပါတဲ့အရာ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ဟာ ကောင်းမြတ်တဲ့
ရည်မှန်းချက်တွေ တွန်းအားလည်း ဖြစ်ပါတယ်။ လုပ်ငန်းရှင် တစ်ယောက်အနေနဲ့
ထမင်းမစားခင် အရက်ကလေး တစ်ခွက်၊ နှစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ
ရှိသွားသလို ခံစားရပါတယ်။ သူသောက်တာ များနေပြီဆိုတာကိုလည်း သူတွေးမိတာ
အမှန်ပါပဲ။ ဒီလိုနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပြီး အရက်ကလေး
သောက်လိုက်တာနဲ့ အိပ်ပျော် သွားပါတော့တယ်။

နောက်တော့ သူဟာအရက်က သူ့ဘဝကို ချုပ်ကိုင်နေပြီဆိုတာ စဉ်းစားမိပါတယ်။
ဒါနဲ့ပဲ သူဟာအရက်သောက်မယ့် အချိန်တွေကို သားဖြစ်သူနဲ့အတူ နေပေးဖို့
ဆုံးဖြတ်လိုက်ပါတယ်။ ပထမပိုင်းတော့ ခက်ခက်ခဲခဲပါပဲ။ စိတ်အပန်းဖြေဖို့
အတွက် အရက် သောက်ရတာကို လွမ်းမိသလိုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ သူဟာ
တစ်ခုခုကို ရရှိနေတာသာ ဖြစ်ပြီး ဆုံးရှုံးနေတာ မဟုတ်ဘူး ဆိုတာကို
သူ့ဘာသာသူ တွေးတောမိပါတယ်။ ဒါအမှန်ပါပဲ။ မိသားစုတွင်း ဆက်ဆံရေး
ကောင်းမွန်လာတဲ့ အတွက် လုပ်ငန်းလုပ်ရာမှာလည်း ပိုမို အဆင်ပြေလာတယ်
မဟုတ်လား။ အပြုစိတ် မွေးမြူခြင်းဟာ စိတ်အား ထက်သန်ခြင်းကို ဖြစ်ပေါ်စေပြီး
ပျင်းရိငြီးငွေ့တဲ့ စိတ်ကို ကျော်လွှား အောင်မြင်နိုင်ပါတယ်။ ဒီလိုနဲ့
အခက်အခဲကို ကျော်လွှားအောင်မြင်နိုင်ပြီး ပျော်ရွှင်မှုနဲ့ ပန်းတိုင်ကို
အရောက်ချီတက်နိုင်မှာ အသေအချာပါပဲ။

တိကျပြတ်သားမှု ရှိပါစေ

ရုဒ်အိုင်းလင်း တက္ကသိုလ် စိတ်ပညာပါမောက္ခ ဂျိမ်းပရိုချက်စတာက
ပြောင်းလဲနိုင်တဲ့ အဆင့်လေးဆင့်ကို ခုလို ဖော်ထုတ်ခဲ့ပါတယ်။
ပထမ - ပြောင်းလဲဖို့ ခက်ခဲတဲ့ အဆင့်
ဒုတိယ - ပြောင်းလဲဖို့အတွက် ကောင်းကျိုး၊ ဆိုးကျိုးကို ချိန်ဆနေတဲ့အဆင့်
တတိယ - စိတ်စွမ်းအားရဲ့လက်တွေ့ ပြောင်းလဲတဲ့ အဆင့်
စတုတ္ထ - ပြောင်းလဲမှုကို ဆက်လက် ထိန်းသိမ်းထားတဲ့ အဆင့်

တချို့လူတွေကိုတော့ နာတာရှည် ချိန်ဆ တွေဝေနေသူများလို့ ပရိုချက်စတာက
ဆိုပါတယ်။ အဲဒီလို လူမျိုးကတော့ ကိုယ့်ကိုယ်ကိုယ် အရက်လျှော့သောက်ဖို့
လိုနေပြီ ဆိုတာကို သိပေမဲ့ ဘယ်လို လျှော့သောက်ရမယ် ဆိုတာ ချိန်ဆဖို့
တစ်ခွက် တစ်ဖလားလောက်တော့ လုပ်ဦးမှဆိုတဲ့ လူမျိုးဖြစ်ပါတယ်။
ဒီလူစားမျိုး အနေနဲ့ ဒီအဆင့်ထက် တက်ပြီး ပြောင်းလဲလာတာမျိုး မတွေ့ရပါဘူး။

ဒီလိုလူစားမျိုး မဖြစ်စေဖို့အတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး
ရက်သတ်မှတ်လိုက်ပါ။ မာဂျီကောလင်း ဆိုတဲ့ ကာလီဖိုးနီးယားက ဆရာမ တစ်ယောက်က
သူ့ကိုယ်သူ ကိုယ်အလေးချိန် လျှော့ချင်နေပါတယ်။ ဒီအချိန်မှာပဲ သူ့ကို
လူမှုရေးအဖွဲ့အစည်း တစ်ခုက ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်တာ
ခံလိုက်ရပါတယ်။ မာဂျီဟာ သူ့ကိုယ်အလေးချိန် ၁၅ ပေါင်လောက် လျှော့မှ
ဝတ်လို့ရမယ့် အဝတ်အစား နှစ်စုံကို ဈေးကောင်းပေးပြီး ဝယ်ယူလိုက်ပါတယ်။
လာမယ့် သုံးလအကြာမှာ ကျင်းပမယ့် နှစ်ပတ်လည် အစည်းအဝေးမှာ ဝတ်ဖို့
ရည်ရွယ်ချက်နဲ့ပေါ့။ သူ့ရည်ရွယ်ချက် အမှန်ပဲ အောင်မြင်ခဲ့ပါတယ်။

မရေမရာ မလုပ်ပါနဲ့

ရှေ့နှစ်လောက်ကျမှ အပြောင်းအလဲ လုပ်တာပေါ့ ဆိုတဲ့ လူမျိုးကို မာလတ်က
တော်တော်များများ လေ့လာဖူးပါသတဲ့။ ဒါပေမဲ့ အောင်မြင်ပါတယ် ဆိုတဲ့
လူမျိုးတွေအဖို့တော့ ဘယ်တော့မှ မရေမရာ ဆုံးဖြတ်ချက်မျိုး မချမှတ်ဘူးလို့
ဆိုပါတယ်။ တစ်ယောက်သော သူကတော့ သူ့ဇနီးအပေါ် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ
ဆက်ဆံမယ်လို့ ဆုံးဖြတ်ပြီး ဆုံးဖြတ်တဲ့ အတိုင်း သုံးလလောက်အထိ
လုပ်ပြနိုင်တာ တွေ့ရပါတယ်။

တစ်ယောက်သော သူကတော့ သူ့မိသားစုအပေါ် ချစ်ခင်ကြင်နာမယ်လို့
ဆုံးဖြတ်ထားပေမဲ့ လက်တွေ့မှာတော့ အကြောင်းမထူးဘူးလို့ ဆိုပါတယ်။
လေ့ကျင့်ခန်း ပိုလုပ်မယ်။ စာပိုဖတ်မယ်ဆိုတာမျိုး ဘယ်တော့မှ
မလုပ်ပါနဲ့လို့ မာလတ်က အကြံပေးပါတယ်။ အဲဒီလို လုပ်မဲ့အစား တစ်နေ့ ၄၅
မိနစ် လမ်းလျှောက်မယ်။ အပတ်စဉ် တစ်ပတ် သုံးညနှုန်း၊ တစ်ညတစ်နာရီ
စာဖတ်မယ်လို့ ဆုံးဖြတ်ပါလို့ ဆိုပါတယ်။

ယုံယုံကြည်ကြည် လုပ်ပါ

ရရှိလာတဲ့ အကျိုးတရားကို သဘောမပေါက်ရင် လက်တွေ့ လုပ်ဆောင်ရာမှာ
အားနည်းတတ်ပါတယ်။ မာလတ်က သူ့ဆီ အကူအညီ တောင်းလာသူများကို ရေတို၊ ရေရှည်
အရှုံး၊ အမြတ်တွေ တွက်ပြီး အရင်လုပ်စေခဲ့ပါတယ်။ ဆေးလိပ်ဖြတ်မယ့်လူ
တစ်ယောက်ကို ရေတိုဆုံးရှုံးမှု အဖြစ် “ပထမတော့ နေရထိုင်ရ ခက်လိမ့်မယ်လို့
ဆိုပါသည်။ ရေတိုအမြတ်ကတော့ ဆေးလိပ်ဖိုးငွေကို ပိုသုံးနိုင်တယ်” လို့
ဆိုပါတယ်။ ရေရှည် အကျိုးအမြတ်မှာကျတော့ “ငါ့မှာ ကျန်းမာရေး
ပိုကောင်းလာပြီ” လို့ တွက်ဆနိုင်ပြီး ရေရှည်ဆုံးရှုံးမှု အဖြစ်ကတော့
“လွယ်လွယ်ရနိုင်တဲ့ စိတ်ဖြေစရာ မရှိတော့ဘူး” လို့ တွက်ဆစေပါတယ်။
အကောင်းအဆိုး၊ အကျိုးအမြတ်ကို နှိုင်းချိန် တွက်ဆခြင်းဟာ ဆုံးဖြတ်ချက်ကို
ပိုမိုခိုင်မာစေပါတယ်။

အတ္တကို မွေးမြူပါ

ဒါပေမဲ့ အကျိုးကို သိရုံလောက်နဲ့လည်း မလုံလောက်သေးဘူးလို့ ပရိုချက်စတာက
ဆိုပါတယ်။ အရေးအကြီးဆုံးကတော့ မိမိ အတ္တပုံရိပ်ကို မိမိ
ပိုမိုအားကောင်းအောင် မွေးမြူဖို့ပဲလို့လည်း ဆိုပါတယ်။ အတ္တပုံရိပ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ် မိမိဖြစ်စေချင်သလို ကြည့်မြင် စိတ်ကူးတာမျိုး
ဖြစ်ပါတယ်။ “ဆင်ခြင်တုံတရားနဲ့ ပြောဆိုချက်တွေဟာ လက်ခံချင်စရာ
ကောင်းပေမဲ့ လက်တွေ့ တကယ် တုံ့ပြန်မှု ဖြစ်စေတတ်တော့ စိတ်လှုပ်ရှား
ခံစားမှုပဲ ဖြစ်ပါတယ်။

ကာလီဖိုးနီးယား ပြည်နယ်က တစ်နေ့ ဆေးလိပ်သုံးဘူး ကုန်အောင်
သောက်သူတစ်ဦးဟာ လေပြွန်ရောင်နာ ဖြစ်နေပါတယ်။ ချောင်းဆိုးတိုင်း
ရင်ဝအောင့်နေပြီး ဆရာဝန်က သတိပေးတာတောင် ဆေးလိပ်က သောက်မြဲ
သောက်နေလျက်ပါပဲ။ “ကျုပ်တော်တော် မိုက်မဲခဲ့တာပဲ။ တကယ်တော့ ဒါဟာ
ကျုပ်ကိုယ်ကျုပ် နှိပ်စက်နေတာ မဟုတ်လား။ ကျုပ်ကိုယ်ကျုပ် အသက်ရှည်
ရှည်နေချင်ရင် ဆေးလိပ်ဖြတ်မှ ဖြစ်မယ်ဆိုတာလည်း စဉ်းစားမိရော ကျုပ်လည်း
မဖြစ်မနေ ဆေးလိပ် ဖြတ်လိုက်တော့တာပဲ” ကိုယ့်ကိုယ်ကိုယ်
မနစ်မွန်းစေချင်တဲ့ မိမိရဲ့အတ္တက စိတ်စွမ်းအားတွေကို တိုးမြင့်ပြီး
အကျင့်ဆိုးဒဏ်ကို တွန်းလှန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တမင်မွေးယူပါ

၁၇ ရာစုက ပြင်သစ်ဗိုလ်ချုပ်ကြီး ဗီကွန့်ဒီတူရေးနီဟာ ရှေ့ဆုံးကနေ
တိုက်ပွဲဝင်သူ အဖြစ် တပ်ထဲမှာ ထင်ရှားလှပါတယ်။ သူ့အကြောင်းကို သူကခုလို
ပြောကြားခဲ့ပါတယ်။ “ကျုပ်ကိုယ်ကျုပ် တကယ်သတ္တိရှိသူ အဖြစ် တမင်မွေးယူပြီး
လုပ်ရတာပေါ့ဗျာ။ တကယ်က ကျုပ်လည်း ကြောက်တတ်တာပဲဗျာ။ ဒါပေမဲ့ ကျုပ်က
ကြောက်စိတ်ကို အရှုံးမပေးဘူး။ ကျုပ်ခန္ဓာကို ကျုပ်ပြန်ပြောတယ်။
“ကြောက်ဒူးတုန် မနေနဲ့ ရှေ့တက်”လို့။ ဒီလိုနဲ့ ကျုပ်တိုက်ပွဲ ဝင်ခဲ့တာပဲ။

မိမိကိုယ် မိမိစိတ်ဓာတ် ခွန်အားကြီးမားသူ အဖြစ် တမင်မွေးမြူ
ကျင့်ကြံလိုက်တာနဲ့ ခန္ဓာကိုယ်ဟာလည်း လိုက်ပါပြောင်းလဲပြီး တကယ့်
စိတ်စွမ်းအားကြီးသူ အဖြစ် ဖန်တီးလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်
ပြတ်ပြတ်သားသား ပြောဖို့ပဲလိုပါတယ်။

စိတ်စွမ်းအား လေ့ကျင့်မွေးမြူနည်း

၁၉၁၅ ခုနှစ်မှာ စိတ်ပညာရှင် ဘွိုက်ဘားရက်က ထပ်တလဲလဲ စိတ်စွမ်းအား
တိုးမြှင့်လေ့ကျင့် မွေးမြူနည်းကို ခုလို အကြံပေးခဲ့ပါတယ်။ ခုံပေါ်ကို
ဆင်းလိုက်တက်လိုက် အကြိမ် ၃၀ ပြည့်အောင် လုပ်ခိုင်းတာမျိုး၊
မီးခြစ်ဘူးကို သွန်ချလိုက်ပြီး မီးခြစ်ဆံ တစ်ချောင်းချင်းကို
စိတ်ရှည်လက်ရှည် ပြန်ထည့်စေတာမျိုး။ ဒီနည်းတွေနဲ့ စိတ်စွမ်းအားကို
တိုးမြှင့်မွေးမြူစေပြီး ခက်ခဲတဲ့ ဘ၀ပြဿနာတွေကို ရင်ဆိုင်
ကျော်လွှားနိုင်တယ်လို့ ဆိုပါတယ်။ ဘားရက်ရဲ့အကြံပေးချက်ဟာ ခေတ်မီချင်မှ
မီပါလိမ့်မယ်။ ဒါပေမဲ့ လက်တွေ့မှာ တကယ့် အကျိုးထူးတာကို တွေ့ရပါမယ်။



အမျှင်မပြတ် လက်စမသတ်ရသေးတဲ့ လုပ်ငန်းလေးတွေအားလုံး စာရင်းလုပ်ထားပြီး
ရုံးအားတဲ့ စနေနေ့ တစ်နေ့မှာ မနက်ပိုင်းအတွင်း ပြီးအောင်လုပ်ပါ။
အလုပ်မပြီးမချင်း ထမင်းမစားဘဲ နေပါ။ မပြီးပြတ်သေးတဲ့ ငွေရေးကြေးရေး
စာရင်းဇယားတွေကို တစ်လတစ်ကြိမ် ညနေပိုင်းတစ်ခုမှာ ပြီးပြတ်အောင် လုပ်ဖို့
စီစဉ်ပြီး ရွေးချယ် သတ်မှတ်ထားတဲ့ နေ့မှာ မဖြစ်မနေ လုပ်ဖြစ်အောင် လုပ်ပါ။
နယူးယောက် အထက်လွှတ်တော် အမတ် ဘီလ်ဘရက်လေဟာ ထင်ရှားတဲ့ ဘတ်စကက်ဘောသမား
တစ်ဦးဖြစ်ပြီး သူဟာ အားကစားရုံမှာ မနက်တိုင်း တစ်ယောက်တည်းသွားပြီး
ဂိုးသွင်း လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။ သူဟာအသင်းမှာ အများဆုံး
ဂိုးသွင်းနိုင်သူလည်း ဖြစ်ပါတယ်။

ကြိုတင်ရင်ဆိုင်ဖို့ သတ္တိမွေးပါ

စိတ်စွမ်းအား ရှိသူအဖို့ နည်းလမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခက်အခဲ
အနှောင့်အယှက်တွေကိုတော့ ရင်ဆိုင်ဖို့ သတ္တိ မွေးရဦးမှာပါ။
ပစ်ဘယ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ စောရှစ်ဖ်မန်းဟာ ဆေးလိပ်ဖြတ်ပြီးမှ
ပြန်သောက်သူတွေကို လေ့လာ ခဲ့ပါတယ်။ သူတို့ဟာ ဆေးလိပ်သောက်ချင်စိတ်
ပေါ်လာရင် ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကို ကြိုတင် မစဉ်းစားခဲ့ကြပါဘူး။
ဆေးလိပ်ဖြတ်ဖို့တော့ ကြိုးစားပါရဲ့။ ဒါပေမဲ့ ဆက်ပြီး
တောင့်မခံနိုင်ပြန်ပါဘူး။ ပထမဆုံး ကမ်းလာတဲ့ ဆေးလိပ် တစ်လိပ်ကို အလွယ်တကူ
လက်ခံပြီး ပြန်သောက်ကြတာ များပါတယ်။ တကယ်လို့ သင့်အနေနဲ့
အရက်ဖြတ်မယ်ဆိုရင် ပထမဆုံး ကမ်းလာတဲ့ အရက်ခွက်ကို ဘယ်လို
ရင်ဆိုင်မလဲဆိုတာ ကြိုတင်တွေးဆပြီး သတ္တိမွေးပါ။ မနက်ခင်း လမ်းလျှောက်ဖို့
စီစဉ်ပြီးမှ ရာသီဥတု ဆိုးရွားနေရင် အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ဖို့
အရန်အစီအစဉ် လုပ်ထားပါ။

လက်တွေ့ကျပါ

သုံးလအတွင်း ပေါင် ၅၀ ချဖို့ ဆုံးဖြတ်တာမျိုး၊ တစ်နေ့တည်း
သုံးနာရီကြာအောင် လေ့ကျင့်ခန်း လုပ်ဖို့ စိတ်ကူးထားတာမျိုးဟာ
ဖြစ်နိုင်ချေထက် လွန်ကဲနေပါတယ်။ ဒီဆုံးဖြတ်ချက်မျိုးဟာ ခိုင်မာပြီးသား
စိတ်ဓာတ်စွမ်းအားကို လျော့ကျအားနည်းစေတဲ့ အတွက် ဖြစ်နိုင်ချေရှိတဲ့
လက်တွေ့ကျင့်သုံးနိုင်လောက်တဲ့ အခြေအနေ “ဘောင်” တစ်ခုအတွင်းမှာပဲ
လုပ်ငန်းစဉ်ကို ချမှတ်ပါ။ လှေကားထစ်တွေကို တစ်ထစ်ချင်း တက်သလို
ရည်မှန်းချက် သေးသေးလေးတွေကို တစ်ခုချင်း ဆက်တိုက်
အောင်မြင်နိုင်သွားတာနဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်
ဖော်နိုင်ပါလိမ့်မယ်။ တစ်နေ့ချင်း တစ်နေ့ချင်း နိုင်သလောက် လုပ်သွားရင်
ကာလ ရှည်လာတာနဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ထွန်း ပေါ်ပေါက်လာတာကို တအံ့တသြ
တွေ့ရပါလိမ့်မယ်။

စိတ်ရှည်ပါ

ပြင်းပြခိုင်မာတဲ့ စိတ်စွမ်းအားကို တစ်နေ့တစ်ရက်တည်းနဲ့ လုပ်ယူလို့
မရပါဘူး။ တဖြည်းဖြည်းချင်း ပုံဖော်ရတာ ဖြစ်ပါတယ်။ အခြေအနေ
တစ်ရပ်ရပ်ကြောင့် နောက်ဆုတ်ရတာမျိုးလည်း ကြုံရတတ်ပါတယ်။ မိတ်ဆွေ
အမျိုးသမီးတစ်ဦး ဆေးလိပ်ဖြတ်ရာမှာ ပထမအကြိမ် အောင်မြင်မှု မရခဲ့ပါဘူး။
ဘာကြောင့် မအောင်မြင်တာလဲ ဆိုတာကို ပြန်လှန်သုံးသပ်ပြီး အလုပ်တစ်ခုခု
လုပ်နေဖို့ လိုတယ်ဆိုတာ စဉ်းစားမိပါတယ်။ ဒုတိယအကြိမ် ဆေးလိပ်ဖြတ်တဲ့
အခါမှတော့ ဆေးလိပ် သောက်ချင်လာတိုင်း သိုးမွေးဆွယ်တာ ထိုးနေလိုက်ပါတယ်။
ဒီလိုနဲ့ ကာလအတန် ကြာတဲ့အခါမှာ ဆေးလိပ် ပြတ်သွားရုံမက
သူ့ယောက်ျားအတွက်လည်း ဆွယ်တာထိုးပြီး ဖြစ်သွားပါတော့တယ်။

ရဲရဲဆက်လုပ်ပါ

စိတ်စွမ်းအားဟာ တစ်ကြိမ် အောင်မြင်ပြီးတိုင်း တစ်ခါပိုပြီး ကြီးထွား
လာတက်ပါတယ်။ မိမိရဲ့ အကျင့်ဆိုးတွေကို စိတ်စွမ်းအား သုံးပြီး
ခိုင်ခိုင်မာမာ ဆုံးဖြတ်နိုင်တာနဲ့ တခြားနယ်ပယ်က ပြဿနာတွေ၊
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့် ဖြစ်လာပါလိမ့်မယ်။ ယုံကြည်စိတ်တွေ
ပြည့်ဝလာပါလိမ့်မယ်။ အောင်မြင်မှု မှန်သမျှဟာ မိမိကိုယ်မိမိ ယုံကြည်စိတ်
စွမ်းအားကို တိုးပွားစေပါတယ်။ အဆာဂျီအိုလီ ပြောသလို ပြောရရင်
ချောက်ကမ်းပါးမှာ မတ်မတ်ရပ်နိုင်တဲ့ ခြေထောက်တွေကို သင်ရရှိလာမှာ
ဖြစ်ပါတယ်။ ပိုမိုခက်ခဲတဲ့ ပြဿနာတွေ၊ လုပ်ငန်းတွေ ပေါ်ချင်သလောက်
ပေါ်လာစမ်းပါစေ။ အရင်က အောင်မြင်ခဲ့သလို နောက်ထပ်လည်း အောင်မြင်မှုတွေ
တစ်ခုပြီးတစ်ခု ရရှိနေဦးမှာ ဖြစ်ပါတယ်။

အောင်သစ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.