Pages

Saturday, November 12, 2011

မင်္ဂလာပါ ဓမ္မမိတ်ဆွေများခင်ဗျား…
ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိစဉ် အခါကာလ၌
သာဝတ္ထိပြည် အန္ဓဝန်တောအုပ်အတွင်းဝယ် ရဟန္တာမ အရှင်မြတ် ဝဇိရာထေရီ
ဘိက္ခုနီမသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်၍ ငြိမ်းချမ်းစွာဖြင့်
သမာပတ်ဝင်စားတော်မူနေ၏။ သမာပတ်မှထသော အခိုက်၌ မာရ်နတ်၏ အမေးပုစ္ဆာကို
ရဟန္တာမ အရှင်မြတ် ဖြေကြားတော်မူသည်ကို ဖောက်သည်ချ ရေးသားမျှဝေလိုပါ၏။
ဤသို့ မျှဝေရခြင်း ရည်ရွယ်ချက်မှာ -
သဘာဝအသွင်၌ အဓမ္မအမြင်ဖြင့် ရှုမြင်သုံးသပ်မှု (သို့မဟုတ်) မှားယွင်းသော
အထင်စွဲ၊ အမြင်စွဲ၊ အယူစွဲ၊ ဝါဒစွဲ ဆိုသည့် ဒုက္ခကိုမြဲစေသော အစွဲများကို
နေရောင်ရောက်ရာ မြူခိုးများ ကင်းစင်ပပျောက်သည့်အလား စင်ကြယ်
ကင်းပျောက်စေခြင်းငှာ ဖြစ်၏။
နှလုံးသွင်း ဖတ်ရှုအပြီးမှာ နေရောင်နှင့်ပမာပြုသော လင်းသောအသိ
ဖြစ်ပေါ်၏လော? ဆိုသည်ကိုလည်း စာရှုသူတို့ကိုယ်တိုင် ဆန်းစစ် သုံးသပ်ကြပါရန်
ရှေ့ဦး၌ပင် ခင်မင်လေးစားစွာဖြင့် အကြံဉာဏ်ပေးလိုပါ၏။
မာရ်နတ်၏ အမေးပုစ္ဆာ (၄) ပုဒ်မှာ -
(၁) အဘယ်သူသည် သတ္တဝါ ဖြစ်အောင် ပြုလုပ်ပါသနည်း?
(၂) သတ္တဝါဖြစ်အောင် ပြုလုပ်သူကား အဘယ်သူနည်း?
(၃) အဘယ့်ကြောင့် သတ္တဝါ ဖြစ်ပေါ်လာရသနည်း?
(၄) အဘယ်ကြောင့် သတ္တဝါ ချုပ်ပျောက်သွားရပါသနည်း?
တို့ဖြစ်သည်။
ပုစ္ဆာ၏ အဖြေသို့ အကြည့် မရောက်ခင်မှာ-  မိမိ၏ လက်ရှိ အသိဖြင့်
ထိုပုစ္ဆာတို့အား ဖြေစမ်းကြည့်စေလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ရဟန္တာမ
အရှင်မြတ်၏ ရှင်းလင်းဖြေဆိုသော ဖြေဆိုကို ဖတ်ရှုနှလုံးသွင်းပြီးနောက်မှာ
ဖြစ်ပေါ်မည့် အသိနှင့် ယခုလက်ရှိ အသိ၏ ခြားနားမှု ကို ထင်ရှားစွာ
ထုတ်ဖော်သိမြင်စေလို၍ ထိုအသိနှစ်ခု၏ ခြားနားမှုကို ထင်းလင်းစွာ သဘောပေါက်
နားလည်စေရန်ဖြစ်သည်။

ရဟန္တာမ အရှင်မြတ်မှ ဤသို့ ရှင်းလင်းတော်မူ၏။
" အို..မာရ်နတ်... အဘယ်ကြောင့် သတ္တဝါဟူ၍ ယုံကြည်ပြီး နေရသလဲ၊ ဤသို့...
ယုံကြည်နေခြင်းသည် သင့်မှာ ဒိဋ္ဌိ(အမြင်မှား) ဖြစ်နေ၍လော..။
ဤခန္ဓာငါးပါးသည် သုခမရော ဒုက္ခသဘောသက်သက် သင်္ခါရတရားအစုကြီးသာလျှင် ဖြစ်ပေ၏။
ဤလောက၌ သတ္တဝါဟူ၍ ခေါ်ဝေါ်စရာ မရအပ် မရနိုင်ပေ။
ဒုက္ခသစ္စာတရားသည်သာလျှင် ဖြစ်ပေါ်၏။ ဒုက္ခသစ္စာတရားသည်သာလျှင် ခဏကလေးမျှ
တည်လည်း တည်တံ့၏။ ချုပ်လည်း ချုပ်ပျောက်၏။ "
စာပေလာ အရေး အပြောဖြင့် တစ်ချို့မှာ တစ်ခါတစ်ခါ မရှင်းလင်းသည်လည်း
ဖြစ်တတ်၏။ တစ်ချို့မှာ အားရ သဘောကျသည်လည်း ရှိတတ်၏။ ထို့ကြောင့် စာပေ
ရေးဟန်အပြင် ရိုးရှင်းသော  မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပြောဟန်၊
ဆရာတော်ဘုရားကြီး ဦးဃောသိတ၏ ရေးဟန် ကို သဘောကျ အတုယူ၍ ရေးသားပြလိုပါသည်။
"အို... ဒိဋ္ဌိမစင်တဲ့ စကားလုံး "သတ္တဝါ" ဆိုတဲ့ အသုံးကို
လှိုင်လှိုင်ကြီးသုံးပြီးသကာလ မေးလျှောက်နေတာဖြင့် ဘယ်သူပါလိမ့်လို့ ရဟန္တာမ
အရှင်မြတ်က ဆင်ခြင်ကြည့်တော့ မိစ္ဆာဒိဋ္ဌိ(မှားယွင်းသော အမြင်၊အယူ)ကြီး
မာရ်နတ် ကိုး။
ဟေး..  မာရ်နတ်ကြီး.. ခန္ဓာငါးပါး ကို သတ္တဝါ အမှတ်နဲ့ (သတ္တဝါအထင်၊
သတ္တဝါအမြင်၊ သတ္တဝါအယူ၊ သတ္တဝါအစွဲ)နဲ့ သင်မေးလျှောက်တဲ့ မေးခွန်းကိုးက
မှားနေတယ်။
သတ္တဝါ လို့ ခေါ်စရာမရှိဘူး၊ ရှိတာက ခန္ဓာငါးပါး=သင်္ခါရတရားအစု=ဒုက္ခ
သစ္စာ ပဲ။
ဒုက္ခသစ္စာတရားတွေပဲ ပေါ်လာ၊ ဒုက္ခသစ္စာတရားတွေပဲ ခဏတည်၍ ချုပ်ပျောက်ကုန်တာပဲ။
ဒုက္ခသစ္စာတရားမှတစ်ပါး အခြားတရားဖြစ်စရာ မရှိ -  ဟု ရဟန္တာမ အရှင်မြတ်မှ
ရှင်းလင်းဖြေရှင်းပြတော်မူပါသည်
ဤသို့ - ဒုက္ခသစ္စာတရားအသားကို အမြင်မပေါက် ဉာဏ်မရောက်သည့်သူသာ
ပုဂ္ဂိုလ်၊သတ္တဝါ ထင်မှတ်မှား၏။
သဘာဝ တရားသား အပေါ်မှာ အထင်မှား၊ အမြင်မှားတွေ ဖုံးအုပ်၊ ထို ဖုံးနေတဲ့
အဖုံးပေါ် အခေါ်အဝေါ်တွေ သုံးနှုန်းနေကြသည်ကို မရိပ်မိသည့်သူများမှာဖြင့်
ထိုအမြင်မှား၊ အထင်မှားနဲ့ပဲ မွေး-အို-နာ-သေ
သံသရာကြောရှည်နေကြခြင်းသာတည်း။
ထို အမြင်မှား အဖုံးတစ်ချပ်ကို ဖွင့်လှပ်ပေးနိုင်သည့် ရှင်တော်မြတ်ဘုရား
ပွင့်ထွန်းပေါ်ပေါက်လာလို့သာ -  အမှန်ပေါ် ဉာဏ်ရောက်၍  -
ဒုက္ခသစ္စာတရားသားကို မြင်၊
ဒုက္ခကို မလိုချင် ငြီးငွေ့သည့် ဉာဏ်ဖြစ်၊
ဒုက္ခဖြစ်ကြောင်းကို အပြီးသတ် ရှင်းလင်း ပယ်ရှား၍ ဒုက္ခချုပ်ရာ သုခကိန်းဝပ်
အငြိမ်းဓာတ်ဖြင့် ထာဝရငြိမ်းအေးခြင်း သန္တိသုခ ကို ခံစားခွင့်၊
စံဝင်ခွင့်ရသည်သာပ။
ဓမ္မမိတ်ဆွေများ ခင်ဗျား ... ချမ်းသာခြင်း သန္တိသုခ ဆိုသည့် နိဗ္ဗာန်ဓာတ်
တရားမြတ်သည် -
အထင်အရှားရှိသည့် ပရမတ်တရားသားဖြစ်၏။
ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ သဗ္ဗေညုတ ရွှေဉာဏ်တော်ဖြင့်
ဖော်ထုတ်နိုင်ခဲ့သည့် သဘာဝတရားသား အရှိပရမတ်ဖြစ်၏။
အဘယ့်ကြောင့် ထိုတရားသား - ဓာတ်သဘောကို အမြင်မပေါက် ဉာဏ်မရောက်၍
ခံစားခွင့်မရကြသနည်းမူ၊
ထို ဓာတ်ကို ခန္ဓာက ဖုံးထား၏။
ခန္ဓာကို ဒိဋ္ဌိက တစ်ဖန် ထပ်ဖုံး၏။
ဥပမာဖြင့်ဆိုသော် ပတ္တမြားကို ကျောက်လွှာက ဖုံးထား၏၊ ထိုကျောက်လွှာကို
မြေသားက ထပ်မံ ဖုံးထား၏။ ထိုပတ္တမြားကို တွေ့မြင်ဖို့ရန်မှာ-
မြေသားကို ဖယ်ထုတ်၍ ကျောက်လွှာအား ထိုးခွင်းခြင်း ကိစ္စကို မဖြစ်မနေ
ဆောင်ရွက်ရန်သာတည်း။
ဤသို့ သဘောအားဖြင့် မိစ္ဆာဒိဋ္ဌိ(အထင်မှား၊ အမြင်မှား) ကို ဖယ်ထုတ်၍
ခန္ဓာငါးပါး သို့ အမြင်ရောက် ဉာဏ်ပေါက်ကာ ခန္ဓာ့ဖြစ်စဉ်၌ အကြောင်း-အကျိုး
ဉာဏ်ဖြင့် ထုခွဲ၍
အကြောင်းကြောင့် အကျိုးဖြစ်၊ အကျိုးမှ အကြောင်းထပ်မံ - ဤသို့ အဖန်ဖန်
ဖြစ်ပေါ်နေသည့် ခန္ဓာ့စဉ်မှ အနှစ်သားကား ရှာမရ၊ မတည်မြဲ ပျက်စီးခြင်းသဘောသာ
တွေ့ရ။
ဤသို့ ဉာဏ်အမြင် ရင့်သန်၊ ထိုဉာဏ်ရင့်သန်လေလေ... ရုပ်နာမ်ခန္ဓာကို တပ်မက်
ကပ်ညှိသည့် တဏှာအစေးဓာတ်တွေ ခမ်းခမ်းလာလေလေ။
နောက်ဆုံး တဏှာအစေးဓာတ်လည်း ခမ်းရော - ဘယ်လို အကျိုး ကျေးဇူးဖြစ်မလဲ လို့
မေးခွန်းထုတ်မေးစမ်း၍ ဉာဏ်သွေးကြည့်လျင် -
ဥပမာ ဖြင့် သဘောမြင်အောင် ကြည့်ကြပါစို့ -
နူနာဝဲရောဂါဖြစ်နေသူကို ဉာဏ်ဖြင့် ပုံဖော်ကြည့်လိုက်ပါ။ သူ့မှာ အစေးတွေ
ထွက်ထွက်လာ.. ထိုမှ ပွားပွားလာ... မခံချိ မခံသာ ယားယံခြင်း ဒုက္ခဖြင့်
ဆင်းရဲဒုက္ခရောက်နေတာကို ဉာဏ်ဖြင့် တွေ့ရပါတယ်။
ပျောက်အောင် ကုနိုင်တဲ့ ဆေးမပေါ်သေးခင်ထိတော့ သူ့မှာ ဒီဒုက္ခဆင်းရဲက
အချိန်တိုင်း နှိပ်စက်နေတာကို ဉာဏ်ဖြင့် တွေ့ရပါတယ်။
အဲ... ပျောက်အောင် ကုနိုင်တဲ့ ဆေးကို ဖော်ထုတ်နိုင်သူလည်း ပေါ်ရော..
ထိုဆေးကို သုံးလိုက်တာဖြင့် .. အစေးတွေ ခမ်းခြောက်ပြီး ပွားခြင်းမရှိ၊
အမြစ်ပြတ်ပျောက်ရောဗျာ။
ဒီတော့ သူ့မှာ ရှေ့က အချိန်နှင့် အမျှ တရစပ် မရပ်မနား နိုပ်စက်ခံနေရခြင်း
ဆင်းရဲဒုက္ခ မှနေ လွတ်မြောက်ခြင်း သုခ ကို သူရရှိ ပိုင်ဆိုင် သွားတာကို
ဉာဏ်ဖြင့် တွေ့ရပါတယ်။
နဂိုက နေမထိ ထိုင်မသာ တငြီးငြီးဖြင့် ဃနာမငြိမ် ဖြစ်နေရာကနေ ငြိမ်အေး၍
အေးချမ်းနေသည့် ချမ်းသာသုခကို ခံစားခွင့်ရသွားသည်ကို ဉာဏ်ဖြင့်
တွေ့ရပါတယ်။
ဤသို့ ဖြင့် ဒုက္ခများခဲ့သလောက် ထိုများပြားသည့် ဒုက္ခနေရာမှာ -> သုခတွေ
အစားထိုးလာတာကို ဉာဏ်ဖြင့် တွေ့ရတာပါပဲ။
ဤသို့သော သဘောအားဖြင့် နောက်ဆုံး တဏှာအစေးဓာတ်လည်း ခမ်းရော -
ဒုက္ခများခဲ့သလောက် ထိုများပြားသည့် ဒုက္ခနေရာမှာ သုခတွေ
အစားထိုးလာတော့တာပါပဲ။
အထူးအားဖြင့် သတိပြု သုံးသပ်ကြရမည်မှာ - အရှိသဘာဝ၊ တရားစု၊ တရားသားပေါ်မှာ
အမြင်မှား၊ အထင်မှားတွေ ဖုံးနေကြခြင်းနှင့် (ဘယ်လို ဖုံးနေလဲဆိုတော့ -
ခန္ဓာငါးပါးကို သတ္တဝါလို့ အမြင်မှားဖုံးတယ်၊ လူလို့ အမြင်မှား ဖုံးတယ်၊
နတ်လို့ အမြင်မှား ဖုံးတယ်) ထို အဖုံးပေါ် အခေါ်တွေ
ထပ်သုံးကြခြင်း(ဘယ်လိုလဲဆိုတော့ မောင်နီ၊ ဂျော်နီ၊ မဖြူ၊ မေသူ၊
ဆင်းရဲသား၊ သူဌေးသား စသည်ဖြင့်) ထပ်လေသချေး ထပ်ထပ်ဖုံး၍ -
ဒိဋ္ဌိဖြင့် ဘောင်ခတ်၊ တဏှာနဲ့ သိမ်းသွင်း၊ သင်္ခါရနှင့် ပြေးလွှားနေရတာဖြင့်
အားချိန်ကို မရှိပါဘူး။
ကိုယ့်ရှူး ကိုယ့်ပတ်ဆိုတာ ဒါမျိုးပါလား…
ဒိဋ္ဌိဖြင့် ဘောင်ခတ် ဆိုတာက သတ်မှတ်ချက်တွေ ထုတ်ပြန်လိုက်တာပါပဲ။ “သူ”လို့
သတ်မှတ်မှုရဲ့နောက်မှာ သူက (ဆင်းရဲတယ် (ဝါ) ချမ်းသာတယ်)၊ (လှတယ် (ဝါ)
ဆိုးတယ်)၊ (ဖြူတယ် (ဝါ) မဲတယ်) စသည် စသည်ဖြင့်ပေါ့ ထပ်ဆင့်မှုတွေ
ထပ်ထပ်လောင်းပြီးတော့ ဘောင်ခတ်တော့တာပဲ၊ ဒီလို ဘောင်ခတ်
ကန့်သတ်လိုက်ခြင်းသည် သံသရာထောင်ကို သွင်းလိုက်တာနဲ့ အတူတူပါပဲ။
ဒါကြောင့် ဒိဋ္ဌိသည် အပယ်မျိုးစေ့၊ သံသရာကိုချဲ့ထွင်တဲ့ တဏှာ-မာန-ဒိဋ္ဌိ
ဆိုတဲ့ တရားသုံးပါး၏ ရှေ့ဆောင် ခေါင်ချုပ်ပေါ့။
ဒီအမြင်မှားနေရာမှာ ပုဂ္ဂိုလ်သတ္တဝါဆိုတာ အခေါ်ရှိ။  တကယ်ရှိ /
အမှန်ရှိကတော့ “ရုပ်ဓမ္မ” “နာမ်ဓမ္မ”တို့၏ အကြောင်း-အကျိုးဆက်စပ်
ကျေးဇူးပြု၍ ဖြစ်နေ - ပျက်နေမှု သဘောသာပဲလို့ ဆင်ခြင်မြင်၍ သဘောရှင်းရင်
ဒါသည် မိစ္ဆာဒိဋ္ဌိ(အမြင်မှား)တရားဆိုး နေရာမှာ ->
သမ္မာဒိဋ္ဌိ(အမြင်မှန်)တရားသန့် အစားထိုးသွားပြီးတော့ ဘောင်တွေ ၊ထောင်တွေ က
လွတ်မြောက်နေမှု သဘောပဲဆိုတာ အကွက်ကျကျ မြင်နိုင်ပါတယ်။
အချုပ်အားဖြင့် ဆိုသော် ဒီလို တရားဆိုးနေရာမှာ တရားသန့်များ အစားထိုးမှု
အလုပ်ကို ဝီရိယကလေးတွန်းပြီးတော့၊ စိတ်ဓာတ်တွန်းအားလေးပင့်ပြီးတော
လုပ်သွားဖို့ပါပဲခင်ဗျား။
ဒီလို လုပ်သွားဖို့ သတိပေါ်အောင် ကျေးဇူးပြုခြင်းဖြင့် ရေးသားမျှဝေမှုကို
ဤမှာပဲ နိဂုံးချုပ်ပါ၏။

No comments:

Post a Comment

Note: Only a member of this blog may post a comment.