Pages

Monday, November 14, 2011

ကောင်းသောမင်္ဂလာ

တနေ့သောအခါ ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့မိန့်တော်မူသည်။
ရဟန်းတို့ နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသော
နံနက်ခင်း ဖြစ်ပေ၏။

အလားတူပင် နေ့လယ်ခင်း၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို
ကျင့်ကုန်သော သတ္တ၀ါတို့အား
ကောင်းသောနေ့ခင်း ဖြစ်ပေ၏။

ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော
သတ္တ၀ါတို့အား ကောင်းသောညချမ်းအခါ ဖြစ်ပေ၏။

ဤသို့ ကောင်းသောအကျင့်နှင့် ပြည့်စုံသောနေ့သည် ကောင်းသောနက္ခတ်နှင့်လည်း
ယှဉ်သည်မည်၏။
ကောင်းသောမင်္ဂလာလည်း ဖြစ်ပေသည်။
ကောင်းသော မိုးသောက်လည်း မည်၏။
ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏။
ကောင်းသော ခဏလည်း မည်၏။
ကောင်းသော မုဟုတ် ( ခဏ-ဟူသော အချိန်ကာလထက် အနည်းငယ်ပိုသော အချိန်ကာလ ) လည်း မည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောအခါဝယ် မြတ်သောအကျင့်ကို
ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း ကောင်းစွာပူဇော်ခြင်းမည်၏။

ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောနေ့၌
ကိုယ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ကာယကံမည်၏။
နှုတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ၀စီကံမည်၏။
စိတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော မနောကံမည်၏။
ပွားစည်းသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။
ပွားစည်းသော ထိုကံတို့ကို ပြုပြီး၍ ပွားစည်းသော အကျိုးတို့ကို ရကုန်၏။

အကျိုးကိုရသော ထိုသူတို့သည် အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ
မြတ်စွာဘုရား သာသနာတော်၌ ချမ်းသာကုန်၊ စည်ပင်ပြန့်ပွားကုန်သည်ဖြစ်၍
ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြလေကုန်သတည်း။

( ပုဗ္ဗဏှသုတ်-မင်္ဂလ၀ဂ်၊ အင်္ဂုတ္တရနိကာယ် )


ချီးမွမ်းထိုက်သော သားသမီး
တခါသော် မြတ်စွာဘုရားသခင်က ရဟန်းတို့အား မိဘတို့သည် အကြောင်း
၅-မျိုးကြောင့် သားသမီးကို အလိုရှိကြောင်း
ဤသို့ မိန့်တော်မူသည်။

ရဟန်းတို့၊ မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီး အလိုရှိကုန်၏။
ယင်းအကြောင်း ၅-မျိုးမှာ-
၁။ ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အမွေခံ ဖြစ်ပေလိမ့်မည်။
၅။ ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်။
ဟူသော အချက်များ ဖြစ်သည်။

ရဟန်းတို့၊ ဤအကြောင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည်
သားသမီးကို လိုချင် တောင့်တကြကုန်၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော,
ငြိမ်သက်သော စိတ်ရှိသော, သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို
အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။
ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏
အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။

ရဟန်းတို့၊ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား
လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့်
သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။

( အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )

No comments:

Post a Comment

Note: Only a member of this blog may post a comment.